အရူးစောထွန်း လူသာရူးနေပေမယ့် နှလုံးသားမရူးတဲ့ စိတ်ထားမြင့်မြတ်လှတဲ့ အရူးစောထွန်း

အရူးစောထွန်း

လော်စပီကာသံကြားတာနဲ့

ကွေးနေအောင် ကတဲ့ စောထွန်းကို

တစ်မြို့လုံး သိကြတယ်

အသုဘပို့ရင်

ကြေးစည်ထမ်းပြီး ငိုတဲ့စောထွန်း

မင်္ဂလာ အမင်္ဂလာ မခွဲတတ်ပေမယ့်

ဆိုင်းသံကြားရင် က

ရေအိုးခွဲသံကြားရင် ငို

ဒါ စောထွန်းနားလည်တဲ့ လောကနီတိ

 

 

သာရေး နာရေးမှာ

ထင်းခွဲ ပန်းကန်ဆေးဟာ

စောထွန်း မူပိုင်ခွင့်

မြို့ဦးကျောင်းက သံဃာတန်းရှေ့

ဆွမ်းချိုင့်ဆွဲတဲ့ စောထွန်း

သူသိတဲ့ နိဗ္ဗာန်ဟာ

ဆရာတော်စွန့်လိုက်တဲ့ ငှက်ပျောဖီး

သူ့အတွက် ကုသိုလ်ဟာ

မောင်ရှင်လောင်းလှည့်ချိန်

ကွေးနေအောင် ကခြင်းဖြစ်ပြီး

သူနားလည်တဲ့ အကုသိုလ်ဟာ

ဆွမ်းချိုင့် လွတ်ကျရင် ခံရမယ့်

ဆရာတော့်ကြိမ်လုံး ဖြစ်တယ် ။

 

 

နယ်မြို့လေးထဲ

စောထွန်း ရောက်လာပုံက ရှတတ

ခေတ်လူငယ်တွေ ဖန်ခွက်ချင်းတိုက်ခွဲ

ဆေးခြောက်တွေစွဲတဲ့ညက

သန္ဓေရလာတဲ့ စောထွန်း

လိင်ဆက်ဆံရတာကြိုက်ပြီး

ဗိုက်ကြီးတာ မကြိုက်တဲ့ မိန်းမနဲ့

ကုတင်ပေါ်သာ တာဝန်ယူတတ်တဲ့

ယောက်ျား

တွေ့ကြတဲ့အခါ

စောထွန်းဟာ သန္ဓေလသားအရွယ်ထဲက

တားဆေးမျိုးစုံကို ခုခံကြီးထွားခဲ့ရ

သံချောင်းမီးကင်ပြီး သန္ဓေလုံးကို ထိုးခွဲဒဏ်

ခုခံရှင်သန်ခဲ့ရ ။

 

 

” မနုသတ္တဘာဝေါ ဒုလ္လဘော

လူ့အဖြစ် ရခဲ၏ ” တဲ့

လူဖြစ်ဖို့ စောထွန်းအတွက် ပိုခက်တယ်

သန္ဓေသားအရွယ်ထဲက

တားဆေးမျိုးစုံကို ခုခံကြီးထွားခဲ့ရ

မသေလို့ နေကံပါတော့လည်း

ချက်ကြိုးတန်းလန်းနဲ့ မြို့ပြင်ဇရပ်မှာ

ပုရွက်ဆိတ်အစာ ဖြစ်တော့မယ့်စောထွန်း

ဆရာတော်ဘုရားမေတ္တာနဲ့ အသက်ဆက်ရ

တဲ့အခါ မယ်လမင်းအဆိပ်ပါတဲ့ နို့မှုန့်သာ

အမိ

ကပ္ပိယကြီးသည် အဖ

အဲ့ဒီလိုနဲ့ ဘဝစတဲ့ စောထွန်း ။

စောထွန်းပြောတဲ့ စကားထဲ

သူဟာ စူပါမန်း

သူဟာ စွန်းဝူခုန်း

မဟာဒုတ်ဝင်စားသလို

အသောကမင်းနဲ့ အမျိုးတော်သတဲ့

 

 

တကယ့်စူပါမန်းအစစ်ပဲ

ကမ္ဘာကို မကယ်တင်နိုင်ပေမယ့်

ခြေကျိုးနေတဲ့ ခွေးလေးတစ်ကောင်မွေး

ထားတယ်

မိဘမဲ့ကျောင်းက ကလေးတွေအတွက်

မန်ကျည်းသီး ဒိုင်ခံခူးပေးတယ်

ဒါဟာလည်း သူ့ကမ္ဘာကို သူဆေးခြယ်နေ

ခြင်းပဲ

 

 

တကယ့်အသောကမင်းပဲ

ရွှေပြောင်ပြောင်မဟုတ်လို့ ကန်တော့သူမရှိ

တဲ့

မြို့အနောက်ဖျားက ဘုရားအို

စောထွန်းတံမြက်စည်းအရောင်နဲ့

ဘုရားရင်ပြင် ပြောင်တယ်

သာရေး နာရေး

ထင်းခွဲ ပန်းကန်ဆေးပြီး

ထမင်းထုပ်များ ရတဲ့အခါ

ဘုရားအိုအတွက် ဆွမ်းဦးကပ်ရှာ

စောထွန်းလှူတဲ့

သောက်တော်ရေချမ်း ဆီမီးပန်းနဲ့

ဘုရားအိုမှာ ခဲဖွယ်ဘောဇဉ်ဖြည့်ရတယ်

 

 

အရူးနဲ့ ရေခဲချောင်းသည်ဟာ

စသုံးလုံး အရာရှိဖြစ်တဲ့

သက္ကရာဇ် ၂၀၀၀ ပတ်လည်နှစ်များမှာ

နယ်မြို့လေးရဲ့ အရူးပေါင်းများစွာထဲ

စောထွန်းဟာ တစ်ဦးထဲသော ပကတိဖြူစင်

ရူးသွပ်သူ

 

 

ထမင်းစားရင်

မြေကြီးပေါ် ဖင်ချထိုင်မှ စားတတ်သူ

ထိုင်ခုံတွေကို စောထွန်းမယုံဘူး

မြေကြီးကို စောထွန်းယုံတယ်

 

 

” မထိုင်စဖူး ထိုင်မိတဲ့အခါ

ထိုင်ခုံအောက်ခြေလွတ်ရင်

ကိုယ်ပဲ အကျနာမှာတဲ့ ”

စောထွန်းစကားကြားတော့

တဝါးဝါး ရယ်ခဲ့ကြ

ငါတို့မြို့မှာ

ထိုင်ခုံပေါ် ရောက်မှ

အောက်ခြေလွတ်ပြီး ရူးသွားသူ အများ

သား။

ပါတီမဲဆွယ်ပွဲတွေ ပေါတုန်းက

စောထွန်း အူစိုတယ်

ပါတီနှစ်ခု အပြိုင်မဲဆွယ်တဲ့နေ့က

စောထွန်း ရွေးချယ်မှုက အတုယူဖွယ်

ဒံပေါက်ကျွေးတဲ့ပါတီ စောထွန်းပါတီ

ဦးထုပ်ပေးတဲ့ပါတီ စောထွန်းပါတီ

 

 

” အိုဗျာ… နေပူပူ ကရမယ့်အတူ

ဦးထုပ်ဆောင်းပြီး

ဒံပေါက်စား ကမယ် “တဲ့

မဲဆွယ်ချိန်တုန်းက ငါတို့မြို့မှာ

စောထွန်းတွေ အများကြီး ။

မြို့အစွန် အမှိုက်ပုံဘေး

ကျူးကျော်တဲ မိသားစုလေးကို

စောထွန်း ချစ်တယ်

ကျူးကျော်မိသားစုရဲ့

တစ်ဦးတည်းသောဧည့်သည်ဟာ

စောထွန်းဖြစ်ပြီး

စောထွန်းကို လှိုက်လှဲစွာအလည်ခေါ်တာ

ကျူးကျော်တဲ တစ်ခုတည်းရှိတယ်

 

 

အဲ့ဒီမိသားစုထဲက မျက်မမြင်အမျိုးသမီး

လေးထံ

ဘုန်းကြီးကျောင်းက ဟင်းပေါင်းတွေ

ဦးဦးဖျားဖျား ပို့ခွင့်ဟာ စောထွန်း အချစ်

စွန့်ပြီး ယူလာတဲ့ ဘုရားပန်းဟာ

စောထွန်း မေတ္တာ ။

 

 

ရွှေမရှိလို့ တန်ခိုးမရှိသလိုမျိုး

တစ်မြို့လုံး အဖက်မလုပ်တဲ့

အုတ်ကျိုးအုတ်ပဲ့ ဘုရားအိုကြီးကို

စောထွန်း ချစ်တယ် ။

တစ်မြို့လုံးနဲ့မတည့်တဲ့

ခွေးလေခွေးလွင့်တစ်သိုက်ဟာ

စောထွန်းကိုတော့ ချစ်တယ်

ထမင်းနဲ့ဟင်းပေါင်း ရောနယ်ထားတဲ့အိုးကြီး

စောထွန်းဆွဲလာပြီဆို အမြီးနှံ့ တအီအီ

အသံပေး ဦးညွှတ်ကြတယ် ။

အခုရက်ပိုင်း

မိဘမဲ့ကျောင်း ကလေးတွေအတွက်

မန်ကျည်းသီး ခူးပေးသူ မရှိဘူး မြို့ဦး

ကျောင်း သံဃာတန်းရှေ့ဆွမ်းချိုင့်ဆွဲတာ

စောထွန်းမဟုတ်ဘူးမြို့အနောက်ဖျားက

ဘုရားအိုရင်ပြင် ညစ်ပတ်နေပြီ ကျူ းကျော်

တဲဖက် စောထွန်း အလည်ထွက်တာမမြင်

သလို မေတ္တာ ဟင်းပေါင်း မပို့တာ ကြာပြီ။

ခွေးလေခွေးလွင့်တစ်သိုက်ဟာလဲ

စောထွန်းကို မျှော်နေပေါ့….။

နယ်မြို့လေးရဲ့ နေဝင်ရိုးရီမှာ

ဘုရားအိုဘေး အပုပ်နံ့ပေးလို့

မခံနိုင်အောင် ခြောက်လွှတ်သတဲ့

သတ္တိကောင်းသူ လူငယ်အချို့

ဘုရားအိုနံဘေး ရှာဖွေရေးလုပ်တဲ့အခါ

တွေ့ပြီ၊ သူတို့တွေ့ကြပြီ

ဘုရားဆင်းထု တင်းတင်းဆုပ်

ရုပ်မလှတဲ့အထိ ပုပ်ပွနေတဲ့ စောထွန်း

အသားရိရွဲ တိရိစ္ဆာန်တွေ ဆုတ်ဖြဲခံရပေ

မယ့်….

စောထွန်းလက်ထဲ

ဆင်းထုလေးကို ဖြုတ်မရအောင် ဖက်ထား

ဆဲ…..

ဘုရားအို အုတ်ပုံကြီးလည်း

တူးဆွရာတွေနဲ့ မွစာကြဲ ။

စောထွန်း

ကမ္ဘာကို မကယ်တင်နိုင်ပေမယ့်

ဘုရားအိုကြီးကို ကယ်တင်သွားတယ်

လက်နက်အပြည့် ဉာဏ်ရည်အပြည့်

မိုက်ရိုင်းရမ်းကားစိတ်အပြည့်နဲ့

ဌာပနာဖောက်သူ လူတစ်စုကို

ဉာဏ်ရည်မပြည့်တဲ့ ယုန်လေးဟာ

ဘယ်လို အင်အားနဲ့ တွန်းလှန်ခဲ့လဲ ။

ရေအိုးခွဲကြပြီ

ကြေးစည်လည်း ခတ်လိုက်ပြီ

မြို့ဦးကျောင်း သံဃာတန်း

သရဏဂုံရွတ်ဖတ်တော့

မိဘမဲ့ကျောင်း ကလေးတွေ

မင်းကို နှုတ်ဆက်ရှာပေါ့

ခွေးလေခွေးလွင့်တစ်သိုက်က

နှုတ်ဆက်တေးအဖြစ် အူနေကြ ။

မမြဲခြင်းတရားမှာ နယ်မြို့လေးဟာ

မင်းကို မြဲမြံစွာ သတိရနေမှာ ။

 

 

နေညိုပြီ စောထွန်းရေ

မင်းက နေဝင်ချိန်ကျမှ

အလင်းကုန်သုံးပြီး တောက်ပသွားတယ်

နောက်ဘဝအထိ ဖြာမယ့်အရောင်နဲ့ ။

သီရိဓမ္မာ အာသောကစောထွန်းရေ

နယ်မြို့လေးမှာ လော်စပီကာတွေ

ညံနေအောင် ဖွင့်ကြပေါ့ ။

Credit

Leave a Reply

Your email address will not be published. Required fields are marked *